ရန်ကုန်တိုင်းဒေသကြီးတွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ခြင်း အခမ်းအနား

 

ရန်ကုန်၊ ဖေဖော်ဝါရီလ (၁၇)ရက်

  ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က –

• ရန်ကုန်တိုင်းဒေသကြီးရှိ ဒေသန္တရ ကျန်းမာရေးဌာန (၂၉)ခုနှင့် ကျေးလက်ကျန်းမာရေးဌာန (၉၁)ခုတို့တွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှု ဆေးပေးခန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ခဲ့မှုနှင့် အခြေခံကျန်းမာရေးပညာရှင်များကို သင်တန်းများ အကြိမ်ကြိမ်ပေးအပ်၍ ပြင်ဆင်ဆောင်ရွက်ခဲ့မှု များကိုလည်းကောင်း၊

လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးနိုင်လင်းဦးနှင့် မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူသက် တို့က –

• မိမိတို့ ကျန်းမာရေး ဌာနများတွင် ဆီးချိုနှင့်သွေးတိုးရောဂါ စစ်ဆေးစမ်းသပ်ကုသမှု ဆေးပေးခန်းများ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဖွင့်လှစ် ဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း၊

ဆေးတက္ကသိုလ် (၁)မှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာရဲတင့်လွင်က –

• “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်

• မကူးစက်နိုင်သောရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါ စသည်တို့ ဖြစ်ပွားပါက အလုပ်လုပ်နိုင်စွမ်း ကျဆင်းသွားခြင်း၊ နောက်ဆက်တွဲကျန်းမာရေး ပြဿနာများကြောင့် မသန်မစွမ်းဖြစ်ခြင်းနှင့် လူမှုဘဝ အရည်အသွေး ကျဆင်းခြင်းနှင့် အရွယ်မတိုင်မီ သေဆုံးခြင်း စသည်တို့ကြောင့် မိသားစုအတွက်သာမက နိုင်ငံ၏ လူမှုစီးပွားအတွက်ပါ လွန်စွာထိခိုက် နစ်နာရပါကြောင်း၊

• မကူးစက်နိုင်သောရောဂါများနှင့် စပ်လျဉ်း၍ ယခုအချိန်တွင် အလေးထား မဆောင်ရွက်ပါက လာမည့် (၅) နှစ်တာ ကာလခန့်အတွင်းမှာပင် ကာကွယ်ထိန်းချုပ် ကုသရန် ဝန်ထုတ်ဝန်ပိုး အလွန်ကြီးမားသည့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လာမည် ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ ဆီးချိုနှင် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ခြင်းဖြင့် ပြည်သူများအား စောစီးစွာ၊ ပိုမိုထိရောက်စွာနှင့် ပိုမိုလွှမ်းခြုံမှုကောင်းစွာ ကြိုတင်ကာကွယ် ကုသမှုပေး နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေးသာမက လူမှု-စီးပွားပါ ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးတွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများကို ပထမဆုံးအကြိမ်အဖြစ် ခမ်းနားကြီးကျယ်စွာဖွင့်လှစ်နိုင်ခြင်းအပေါ် ဝိုင်းဝန်းဆောင်ရွက် ကြသူများအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊

• ရောဂါစစ်ဆေးစမ်းသပ်သည့် ဆေးပစ္စည်းကိရိယာများ၊ ကုသရန် ဆေးဝါးများ လုံလောက်မှုရှိစေရေးကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ စနစ်တကျစီစဉ်ပေးမည် ဖြစ်ပါကြောင်း၊ ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုလုပ်ငန်းများကိုလည်း ယခုထက်ပိုမို အလေးပေး ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊

• ပြည်သူများတွင် ကျန်းမာရေးအသိပညာ ကြွယ်ဝကာ ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုများ ယခုထက်ပိုမို ပြုလုပ်နိုင်စေရန်အတွက် ကျန်းမာရေးအသိပညာ မြှင့်တင်မှု လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများမှလည်း ကျန်းမာရေးအသိပညာ အဓိက အချက်အလက်များကို ဖြန့်ဝေပေးလျက်ရှိပြီး ဆေးပေးခန်းတွင် ကုသမှု ပေးပြီး တစ်ပါတည်းကျန်းမာရေးအသိပညာပေးခြင်းကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

• တစ်နိုင်ငံလုံးအနေဖြင့် (၉.၅)သန်းဦးခန့်ရှိသော ကျောင်းသား/သူများ ကျန်းမာသန်စွမ်းရေးမှာလည်း အထူးအရေးကြီးသဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများ တွင် ကျန်းမာရေးနှင့်ညီညွတ်သော မုန့်များ၊ စားသောက်ကုန်များသာ ရောင်းချစေရန်တို့ကို ပညာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊

• ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် ဆီးချိုနှင့် သွေးတိုးရောဂါအပါအဝင် မကူးစက်တတ်သော ရောဂါများဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်ဖြစ်၍ ဝန်ကြီးဌာနမှ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဆောင်ပုဒ်နှင့်အညီ အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းဇယားအချက်အလက်များမှာလည်း အထူးအရေးကြီးပါကြောင်း၊

• ရောဂါဖြစ်ပွားမှု အရေအတွက်၊ အခြေအနေများကို သိရှိခြင်းဖြင့် ဆေးနှင့် ဆေးပစ္စည်းများကို ချိန်သားကျ တွက်ချက်ဝယ်ယူနိုင်ခြင်း၊ လိုအပ်သည့် သင်တန်းများ လုပ်ဆောင်နိုင်ခြင်း စသည်တို့ကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးတွင် မကူးစက်တတ်သောရောဂါများဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ အပါအဝင် သင်တန်းများပြုလုပ်ရာတွင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးကွင်းဆင်း သင်တန်းဌာန တွင် ပြုလုပ်နိုင်ရန် လိုအပ်သည်များ ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ပါမောက္ခကြီးများ၊ ကျွမ်းကျင်ပညာရှင်ကြီးများအနေဖြင့် အကြံဉာဏ်များလည်းပေးအပ်စေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာနွယ်နွယ်နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာကိုကို တို့မှ ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးပေးခန်းများ နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက အထွေထွေမေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ပိုမိုကောင်းမွန်စေရေး အကြံပြုချက်များပေးအပ်ခဲ့ပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်