ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာတို့ဆောင်ရွက်နေသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဘက်စုံ၊ ကဏ္ဍစုံမှ ခုံငြုံသုံးသပ် (Holistic Review) ပြုလုပ်ခြင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာတို့ဆောင်ရွက်နေသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဘက်စုံ၊ ကဏ္ဍစုံမှ ခုံငြုံသုံးသပ် (Holistic Review) ပြုလုပ်ခြင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၂) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အတွက် ဦးစားပေးလုပ်ငန်းများချမှတ်ရေးအတွက် အလွန်အရေးကြီးသည့် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာတို့ဆောင်ရွက်နေသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဘက်စုံ၊ ကဏ္ဍစုံမှ ခုံငြုံသုံးသပ် (Holistic Review) ပြုလုပ်ခြင်းအစည်းအဝေးကို (၂၀-၂-၂၀၁၉)ရက်နေ့ ညနေ့ ပိုင်း၌ နေပြည်တော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပါသည်။

အစီအစဉ်အရ ဒုတိယညွှန်ကြားရေးမှူး(အခြေခံကျန်းမာ) ဒေါက်တာနန်းနိုင်နိုင်ရှိန်က တိုင်းဒေသကြီး/ ပြည်နယ် သင်ကြားရေးအဖွဲ့နှင့် လက်ရှိဖွဲ့စည်းထားရှိမှုနှင့်စပ်လျဉ်း၍တင်ပြ ရာတွင် လက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်များ၏ သင်ကြားရေးအဖွဲ့ (Training Team) များအား ဒုတိယ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများမှ ခေါင်းဆောင်ကာ ပြည်သူ့ ကျန်းမာရေး၊ ရောဂါနှိမ်နှင်းရေး၊ ကုသရေး၊ သူနာပြု စသော ဌာနခွဲများမှ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး တိုင်းဒေသကြီး/ ပြည်နယ် များအလိုက် ဖွဲ့စည်းထားမှုအသီးသီးကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာ) ဒေါက်တာမြင့်မြင့်သန်းက တိုင်းဒေသကြီး / ပြည်နယ် သင်ကြားရေးအဖွဲ့များ၏ လက်ရှိဆောင်ရွက်နေသော ဆောင်ရွက်ချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ သင်ကြားရေးအဖွဲ့ (Training Team)များ၏ စွမ်းရည်မြှင့် တင်ရေးကိစ္စရပ်များ ပိုမိုတိုးတက်စေရန်-

– ဗဟို၌သင်တန်းတက်ရသောအချိန်နည်းစေရန် ဗဟိုအဆင့်မှ ပေါင်းစပ်ညှိနှိုင်းရမည့် ကိစ္စရပ်များ၊

– ဆင့်ပွားသင်တန်း/ ဆရာဖြစ်သင်တန်းများတွင် တိုင်းဒေသကြီး/ ပြည်နယ်၌ ပြန်လည် သင်ကြားပေးနိုင်မည့် အဖွဲ့ဝင်များတက်ရောက်နိုင်ရေး၊

– Training များပေးရာတွင် Enabling Environment ဖြစ်စေရေး ပံ့ပိုးနိုင်ရေးကိစ္စရပ် များနှင့် လိုအပ်ချက်များကို အကြံပြုတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက –

• တိုင်းဒေသကြီး/ ပြည်နယ် သင်ကြားရေးအဖွဲ့များကို ပိုမိုဝါရင့် သော ဒုတိယ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးက ခေါင်းဆောင်အဖြစ်ပါဝင်၍ အတွင်း ရေးမှူး (၁)ဦးသတ်မှတ်ကာ ကျစ်ကျစ်လစ်လစ် ပြန်လည်ဖွဲ့စည်းကြရမည်ဖြစ်ကြောင်း၊

• Training Team ၏ Team of Reference (ToR) ကို ပြန်လည်သုံးသပ်ဆောင်ရွက်ရန်ဖြစ် ကြောင်း၊ မိမိတိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်ရသည့်သင်တန်းများကို စာရင်း ဇယားများရှိရန်လိုအပ်ကြောင်း၊

• ယခင် JICA စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် သင်တန်းဆောင် ရွက်မှုအား ပြန်လည်စဉ်းစားကာ ကောင်းမွန်စနစ်ကျသောအချက်များကို ပြန်လည်အသုံးပြုကြ စေလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောက်ရွက်လိုသော Training များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပုံမှန်ပူးပေါင်းဆောင်ရွက်သော work plan တွင် ကြိုတင်ထည့်သွင်း ထားနိုင်ကြောင်း၊ ဆောက်ရွက်ပြီးစီးခဲ့သော သင်တန်းများစာရင်းကို website တွင် အသိပေး ကြေငြာထားကြရန်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) က တစ်နိုင်ငံ လုံးရှိဆေးရုံများအား (Holistic Review) ပြုလုပ်တင်ပြရာ ဗဟိုအဆင့်ဆေးရုံကြီး (၃၈)ရုံ၊ ခုတင် (၂၀၀)အထက် ဆေးရုံ (၁၂)ရုံ၊ ခုတင်(၂၀၀)ဆေးရုံ (၂၉)ရုံ၊ မြို့နယ်ဆေးရုံ (၂၂၁)ရုံ၊ တိုက်နယ်ဆေးရုံ (၇၈၅)ရုံတို့တွင် –

– ဝန်ထမ်းအင်အား

– အဆောက်အဦ

– ဆေးဝါး

– ဆေးရုံသုံးပစ္စည်း

– ဝန်ထမ်းအိမ်ရာ

– ဓါတ်ခွဲခန်း

စသည်တို့ စံကိုက်ပြည့်စုံမှု ရှိ/ မရှိ အခြေအနေများကိုလည်းကောင်း၊

– ဆေးရုံများတွင် အထူးကြပ်မတ်ကုသပေးနိုင်မှုအခြေအနေ

– ဓါတ်မှန်ရိုက်ကူးခြင်းအတွက် ဝန်ကြီးဌာနမှ ပံ့ပိုးနိုင်မှုအတိုင်းအတာနှင့် လူနာဘက်မှ ကျခံသုံးစွဲရမည့်ကိစ္စ

– ကျောက်ကပ်သွေးသန့်စင်ဌာနများ ဆောင်ရွက်မှုအခြေအနေ

– ဆေးရုံအထောက်အကူပြုဆေးဆိုင်များ ခုတင် (၁၀၀)အထက် ဆေးရုံများတွင် ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်ချက်များ

– မူးယစ်ဆေးစွဲ ကုသခြင်းလုပ်ငန်းများ

– ကိုယ်အင်္ဂါအစားထိုး ခွဲစိတ်ကုသခြင်းလုပ်ငန်းများ

– JICA အထောက်အပံ့ဖြင့် ဆောင်ရွက်ရသော ဆေးရုံမြှင့်တင်ခြင်းစီမံကိန်း

– တရုတ်နိုင်ငံအထောက်အပံ့ဖြင့် ဆောင်ရွက်နေသော ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံနှင့် နတ်မောက်ဆေးရုံစီမံကိန်းများ

– နိုင်ငံတကာအဖွဲ့စည်းများ၊ ဆေးရုံများနှင့်ပူးပေါင်း၍ ခွဲစိတ်ကုသမှု၊ ဆေးဝါးကုသမှု ဆောင် ရွက်ခဲ့သည့်အခြေအနေ စသည်တို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆွေးနွေးတင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက ဆေးရုံများတွင် ဆရာဝန်/ ဆရာမ၊ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များ လွန်စွာများပြားနေသည်ကို သိရှိပါကြောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ ဆေးရုံများတွင် လာရောက်ကြသည့် ပြင်ပလူနာ၊ အတွင်းလူနာများနှင့် ရောဂါအမျိုးအစားအလိုက် စာရင်းဇယားများအား (၃)နှစ်စာ စနစ်ပြုစုစေရန်ဖြစ်ကြောင်း၊ ဝန်ထမ်းအင်အား(ခွင့်ပြု၊ ခန့်ထား၊ လစ်လပ်) စာရင်းများကိုလည်း ပုံမှန် update ပြုလုပ်ကြရမှာ ဖြစ်ကြောင်း၊

ဆေးရုံကြီးများတွင် Intensive Care Unit (ICU) များဖွင့်လှစ်ဆောင်ရွက်ရန် ဆေးပစ္စည်း ကိရိယာများ ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အရေးပေါ်အသက်ကယ်သင်တန်းကျောင်းများ ကို နေပြည်တော်တွင် ယခုဖွင့်လှစ်ပြီးသည့် နောက် ရန်ကုန်၊ မန္တလေးတို့တွင် ဆက်လက်ဖွင့်လှစ် နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာထွန်းတင်က လူတွင်ဖြစ်သော ခွေးရူးပြန် ရောဂါကာကွယ်ရေးအတွက် ခွေးကိုက်ကုသမှုဌာန (Dog-Bite Care Centre) ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ တင်ပြရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် နှစ်အလိုက် ခွေးကိုက်ခံရသူ အရေ အတွက်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အလိုက် ကာကွယ်ဆေးအသုံးများဆုံး ဆေးရုံများ အလိုက် နှိုင်းယှဉ်ဖော်ပြ၍ ခွေးကိုက်သောလူနာများအား ထိရောက်စွာကာကွယ်ဆေး ထိုးနှံ စေနိုင်ရေးနှင့် ကာကွယ်ဆေး စနစ်တကျသုံးစွဲနိုင်ရေးတို့အတွက် ပထမဦးစွာ ရန်ကုန် တိုင်းဒေသကြီးတွင် ခွေးကိုက်လူနာများအား အများဆုံးနှင့် ပြည်သူလူထုသွားလာရန်လွယ်ကူမည့် ဆေးရုံများတွင် (Dog-Bite Care Centre) များဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြရှင်းလင်းခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ပြောကြားရာတွင် –

• မြန်မာတစ်နိုင်ငံလုံးတွင် ခွေးကိုက် ခံရမှုများပြားလာပြီး ၂၀၁၈ ခုနှစ်တွင် (၁.၉)သိန်းခန့်ရှိရာ ပြည်သူ့ဆေးရုံများတွင် ပံ့ပိုးထောက်ပံ့ သော ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ ပြတ်လပ်မှုပင် ကြုံတွေခဲ့ရပါကြောင်း၊

• လူတွင်ဖြစ်သော ခွေးရူးရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတစ်ခုတည်းမဟုတ်ဘဲ နှီးနွယ်ဌာနများ၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးတွင် ခွေးကိုက်လူနာအလာများ၍ ပြည်သူလူထုလာ ရောက်ရန် အဆင်ပြေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးနှင့် သင်္ကန်းကျွန်းဆေးရုံကြီးတို့တွင် (Dog-Bite Care Centre) များ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊

• မန္တလေးတိုင်းဒေသကြီးတွင်လည်း လက်လက်၍ ဖွင့်လှစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

• ၎င်း (Dog-Bite Care Centre) များဖွင့်လှစ်တော့မည် ဆိုပါက ခွေးကိုက်ခံရလျှင် အနီးဆုံး (Dog-Bite Care Centre) သို့ သွားရောက်ရမည့် သတင်းစကား များကို TV၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်များမှာလည်းကောင်း၊ ဈေးများ ကျောင်းများတွင် လည်းကောင်း၊ ပြည်သူလူထုသိရှိရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြား ခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်က ပြည်သူ့ကျန်းမာရေး ဦးစီးဌာနလက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ၏ အဆောက်အဦအခြေအနေ၊ ဝန်ထမ်းအင်အားအခြေအနေ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လွှမ်းခြုံမှုအခြေအနေများကို တင်ပြခဲ့ပါသည်။

၎င်းနောက် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(စီမံကိန်း) ဒေါက်တာဝင်းရည်မွန်က ဆေးရုံ များအဆင့်မြှင့်တင်ရန်လိုအပ်ချက်များ၊ စံကိုက်ဆေးရုံဖွင့်လှစ်ရန် လိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

အဆိုပါတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တက်ရောက်ကြသူများက ဝိုင်းဝန်းဆွေးနွေးကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့တင်ပြဆွေးနွေးချက်များသည် မိမိတို့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် လွန်စွာအရေးကြီးကြောင်း၊ အချက်အလက်များ စုစည်း ၍ ခြုံငုံသုံးသပ်တင်ပြကြသော ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ယခုဆွေးနွေးချက်များပေါ်မူတည်၍ မိမိတို့အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိဂုံးချုပ်မှာကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များဖြစ်သော ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် ဒေါက်တာသာထွန်းကျော်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး (ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်