(၅) ကြိမ်မြောက် မြန်မာနိုင်ငံနှလုံးဆေးပညာရှင်များအဖွဲ့ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန်၊ မတ်လ (၂)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Lotte Hotel၊ ရန်ကုန်၌ ကျင်းပပြုလုပ်ခဲ့သော “(၅)ကြိမ်မြောက် မြန်မာနိုင်ငံ နှလုံးဆေးပညာရှင်များအဖွဲ့ ညီလာခံ (5th Myanmar Cardiac Society Conference)” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာအခမ်းအနားသို့တက်ရောက်လာကြသူများကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြပါသည်၊

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်-

• မြန်မာနိုင်ငံ နှလုံးရောဂါဆရာဝန် လူငယ်များအတွက် ပြည်တွင်း ပြည်ပမှ ဝါရင့် နှလုံးဆရာဝန်ကြီးများထံမှ အတွေ့အကြုံများကို မျှဝေရရှိနိုင်မည့် အခွင့်အရေးကောင်းကို အတတ်နိုင်ဆုံး ရရှိအောင် ကြိုးစားရယူ ကြစေလိုပါကြောင်း၊

• ယခုညီလာခံ မတက်ရောက်နိုင်သော တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆရာဝန်ငယ်များအတွက် ဗီဒီယို Clip များဖြင့် မျှဝေပေးပို့ရန် တိုက်တွန်းလိုပါကြောင်း၊

• ညီလာခံ ဖြစ်မြောက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြသော အဖွဲ့ဝင်များ တစ်ဦးချင်းတိုင်းကို အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း၊

• ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများသည် ကျယ်ပြန့်သော နှလုံးရောဂါ ဆေးပညာကို လွှမ်းခြုံနိုင်သည်ကို တွေ့ရှိရပါကြောင်း၊

• ကမ္ဘာတစ်ဝန်းတွင် ကုသရေးဆိုင်ရာ နှလုံးရောဂါဆေးပညာသည် အဖက်ဖက်မှ အလွန် လျင်မြန်စွာ တိုးတက်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊

• အထူးအရေးကြီးသည့် အချက်မှာ ပြည်သူ့ကျန်းမာရေးရှုထောင့်မှ သုံးသပ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊

• နှလုံးသွေးကြောဆိုင်ရာရောဂါအမျိုးမျိုးဖြစ်ပွားခြင်းကို လျှော့ချရေးအတွက် ပြည်သူ့ကျန်းမာ ရေးအပိုင်းသည် ကုသရေးပိုင်းကို နည်းဗျူဟာကျကျ အထောက်အကူပြုရမည်ဖြစ်ပါကြောင်း၊

• ကုသရေးဘက်နှင့် ပြည်သူ့ကျန်းမာရေး နှစ်ဘက်ဆွေးနွေးထားသော သဘောတူမူဘောင်ရှိ လုပ်ငန်းရပ်များကို တစ်ဆင့်ပြီး တစ်ဆင့် ကုသရေးဘက်နှင့် ပြည်သူ့ကျန်းမာရေးပညာရှင်များ တက်တက်ကြွကြွ၊ ရင်းနှီး နီးကပ်စွာ အတူတကွပူးပေါင်းဆောင်ရွက်မှသာ နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားမှုလျော့ချရေး အောင်မြင်မည် ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်မတူနိုင်ဘဲ ငွေကုန်ကြေးကျသက်သာပြီး ထိရောက်သော နည်းဗျူဟာလုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လက်တွေ့တွင် အမှန်တကယ်ဖြစ်ပျက်နေသည်ကို ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားပြီး ဖြစ်နိုင်ချေရှိသော၊ အောက်ခြေအထိရောက်နိုင်သော နည်းဗျူဟာများကို ဖော်ထုတ်မှသာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

• ကူးစက်ရောဂါများနှင့် မကူးစက်နိုင်သော နာတာရှည်ရောဂါများ ကာကွယ်နှိမ်နင်းရေးတွင် ရေတိုင်ကီထဲသို့ ရေပိုက်များဆက်သည့် ဥပမာကို မိမိပေးလေ့ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ရေတိုင်ကီထဲမှ ထွက်လာသော ရေပိုက်များသဖွယ်ဖြစ်သည့် နှလုံးရောဂါဝေဒနာရှင်များကိုသာ အာရုံစိုက်၍မရဘဲ ရေတိုင်ကီထဲသို့ မဝင်ခင်၊ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်သောအပိုင်းကို ပိုမိုအာရုံစိုက်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊

• မိမိတို့အနေဖြင့် ဆေးပစ္စည်းကိရိယာများစုံလင်သည့် ဆေးရုံကြီးများတွင် အလွန်ထူးချွန်ထက်မြတ်ပြီး အရည်အချင်းရှိသည့် နှလုံးရောဂါအထူးကု ဆရာဝန်ကြီးများနှင့် နောက်ဆုံးပေါ် ခေတ်မီ နည်းလမ်းများ၊ ဆေးဝါးများကိုအသုံးပြု၍ နှလုံးရောဂါဝေဒနာသည်များကို ကုသမှုပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ရာတွင် နှလုံးသွေးကြောဆိုင်ရာရောဂါအမျိုးမျိုး ခံစားနေရသည့် လူနာများအရေအတွက်ကို မလျှော့ချနိုင် သေးသ၍ မပြီးဆုံးနိုင်သော အလုပ်များကို ဆက်လုပ်နေရမည်ဖြစ်ပါကြောင်း၊ နှလုံးရောဂါဖြစ်မည့် လူနာအရေအတွက်ကို မိမိတို့ လျှော့ချရန် လိုအပ်နေပါကြောင်း၊

• ဤနေရာ၌ မိမိတို့အနေဖြင့် အရင်းအမြစ်များ (ငွေကြေး၊ ကျွမ်းကျင်ပညာရှင် စသည်) ရှားပါးနေသည့်အချိန်တွင် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေပါကြောင်း၊ ပြည်သူ့ကျန်းမာရေးပညာရှင်များချည်းသီးသန့်သည် နှလုံးရောဂါအမျိုးမျိုးကို ကာကွယ်တိုက်ထုတ်ရန် မဖြစ်နိုင်ပါကြောင်း၊ လူမှုသိပ္ပံပညာရှင်များ၊ သူနာပြုများ၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်များ၊ အာဟာရကျွမ်းကျင်ပညာရှင်များ၊ စိတ်ပညာ ပါရဂူများ၊ အားကစားနည်းပြများ၊ သုတေသနပညာရှင်များ၊ ဘာသာရေးဆိုင်ရာ ဦးဆောင်ပုဂ္ဂိုလ်များ စသည့် ပညာရှင်အသီးသီး ပါဝင်သည့် အဖွဲ့၏ စုပေါင်းခိုင်မာသောအားဖြင့်သာ ဆောင်ရွက်နိုင်ပါကြောင်း၊

• သို့ရာတွင် ထိုအဖွဲ့သည် နှလုံးရောဂါပါရဂူများနှင့် အလွန်နီးကပ်စွာ ဆောင်ရွက်၍ ပြည်သူလူထုအတွင်း နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားမှု လျှော့ချရန် မှန်ကန်သောလမ်းကြောင်းကို ရွေးချယ် ဖော်ထုတ်ကြရမှာဖြစ်ပါကြောင်း၊ ထိုသို့ နှလုံးရောဂါ ပါရဂူများအနေဖြင့် မိမိတို့ နိုင်ငံအတွင်း နှလုံးရောဂါဖြစ်စေသော အန္တရာယ်ရှိသည့် အကြောင်းချင်းရာများကို ဖော်ထုတ်ပေးနိုင်ရန်အတွက် အသုံးချသုတေသန (Implementation Research)များ ဆောင်ရွက်နိုင်ပြီး ယင်းသို့ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနမှ ရန်ပုံငွေပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊

• အားလုံးသိရှိကြသည့်အတိုင်း နှလုံးသွေးကြောဆိုင်ရာ ရောဂါအများစုသည် လူတို့၏ ဘဝနေထိုင်မှုပုံစံနှင့် ဆက်နွယ်လျက်ရှိကြောင်း၊ ကျန်းမာသော ဘဝနေထိုင်မှုပုံစံကို အလေ့အကျင့်ပြုခြင်းသည် လူခန္ဓာကိုယ်၏ နှလုံးသွေးကြောစနစ် ကျန်းမာမှု ရှိ/မရှိ တိုင်းတာရန် ခက်ခဲသော အဓိကပေတံများအနက် တစ်ခုဖြစ်ပါကြောင်း၊ အမှန်စင်စစ်အားဖြင့် နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချရေးဆောင်ရွက်ရန်မှာ ပြောသလောက် မလွယ်ကူပါကြောင်း၊ သို့သော် မိမိတို့ ဦးစားပေး၍ အလေးအနက်ထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ဤနေရာတွင် ကျန်းမာသော အမူအကျင့်များ ကျင်းသုံးနေထိုင်ကြသည့် လူအုပ်စုအရေအတွက် ကို တိုးမြှင့်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ အင်အားကြီးမားသော ထိုအုပ်စုသည် ကျန်းမာသော ဘဝနေထိုင်မှုပုံစံ မကျင့်သုံးသည့် အခြားသူများအပေါ် လွှမ်းမိုးစေနိုင်မည်ဖြစ်ပါကြောင်း၊

• ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မိမိတို့ မြန်ုမာနိုင်ငံတွင် နှလုံးသွေးကြောရောဂါအမျိုးမျိုး ဖြစ်ပွားမှု ပိုမို များပြားလာသည်ကို မိမိတို့ သတိပြုမိပါကြောင်း၊ ယင်းသို့ဖြစ်ခြင်းသည် မကျန်းမာစေသော ဘဝနေထိုင်မှု ပုံစံများကို မသိ၍ဖြစ်စေ၊ သိသိနှင့်ဖြစ်စေ၊ လူအများကျင့်သုံးနေခြင်းကြောင့်ပင် ဖြစ်ပါကြောင်း၊

• မိမိအနေဖြင့် နှလုံးရောဂါအထူးကုဆရာဝန်များကို တိုက်တွန်းလိုသည်မှာ ပြင်ပပုဂ္ဂလိကဆရာဝန်များ၏ အခြေခံနှင့် မရှိမဖြစ်နှလုံး ရောဂါပညာဆိုင်ရာ အသိပညာကို မြှင့်တင်ရန် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ပြင်ပဆရာဝန်များအစုအဖွဲ့မှတဆင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတဝှမ်းတွင် ကျေးလက်မြို့ပြမကျန် ပြင်ပ ဂျီပီဆရာဝန်များ မြောက်များစွာရှိနေခြင်းကြောင့် ၎င်းတို့၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ပြင်ပပုဂ္ဂလိကဆရာဝန်များအနေဖြင့် နှလုံးရောဂါဆိုင်ရာ နောက်ဆုံးပေါ် အဓိက အခြေခံအကြောင်းအရာများကို စဉ်ဆက်မပြတ်သိရှိနေရန် လိုအပ်ပါကြောင်း၊

• ဆေးရုံများတွင် ဆေးရုံတက်ရသော အဓိကအကြောင်းအရင်းနှင့် သေဆုံးရခြင်းအကြောင်း အရင်းများကို မိမိတို့ ဆန်းစစ်ကြည့်သည့်အခါ နှလုံးသွေးကြောဆိုင်ရာ ရောဂါများသည် ထိပ်ဆုံးမှာ ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းကိစ္စအတွက် မိမိတို့ အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အဓိကအရေးကြီးသော အကြောင်းချင်းရာတစ်ရပ်မှာ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာအဆင့်အတန်းဖြစ်သည်ကို မိမိသတိပြုမိပါကြောင်း၊ အထူးသဖြင့် ခက်ခဲဒေသနှင့် ဝေးလံခေါင်ပါးအရပ်ဒေသတွင် နေထိုင်သူပြည်သူများသည် ကျန်းမာရေးအသိပညာပိုမိုနည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာနှင့် ကျန်းမာရေးနှင့် မညီညွတ်သောအစားအစာမျိုးကိုပင် အမှန်တကယ် မသိရှိကြသူများရှိပါကြောင်း၊ မြို့ပြတွင်နေထိုင်သူများမှာမူ ကျေးလက်နေပြည်သူများထက် ကျန်းမာရေးအသိပညာပိုမိုရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ကျင့်သုံးနိုင်ခြင်းမရှိ သည်ကို တွေ့ရှိရ ပါကြောင်း၊ ဤသည်ကိုလည်း မိမိတို့ ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း၊

• ထိုသို့ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ မြှင့်တင်ပေးရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ရှေ့တန်းမှ ဆောင်ရွက်လျက်ရှိသည့် အခြေခံကျန်းမာရေးဝန် ထမ်းများ၏ အရည်အသွေး မြှင့်တင်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် နိုင်ငံလုံးနည်းဗျူဟာအနေဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများအားလုံးကို Tablet ဖုန်းများ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ယနေ့အထိ တိုင်းဒေသကြီး/ပြည်နယ် (၇)ခုရှိ မြို့နယ်ဆရာဝန်များ၊ တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများကို Tablet ဖုန်းပေါင်း (၁၂၀ဝ၀)လုံး ဝေငှပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး Tablet ဖုန်းပေါင်း (၁၄၀ဝ၀)ကို Gavi The Vaccine Alliance ၏ အထောက်အပံ့ဖြင့် ဝေငှပေးသွားမည်ဖြစ်ပါကြောင်း၊

• အဆိုပါ Tablet ဖုန်းများတွင် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ၊ ဝန်ကြီးဌာနမှ ပြုစုထားသည့် လုပ်ငန်းလမ်းညွှန်များ၊ စံပြကုထုံးများ၊ ဆရာဝန်များအတွက် ဆေးပညာဆိုင်ရာ စာအုပ်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ သိသင့်သည့် စာအုပ်စာတမ်းများ စသည်တို့ ထည့်သွင်းပေးထားပြီး အခြေခံကျန်းမာရေး ဝန်ထမ်းများအား ပေးလိုသည့် သတင်းစကားများ၊ ညွှန်ကြားချက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်၊ အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း အထက်အဆင့်ဆင့်သို့ သတင်း ပေးပို့ခြင်း၊ အကြံဉာဏ်/ညွှန်ကြားချက် ရယူလိုခြင်းများအတွက် အလွန်လျင်မြန်ထိရောက်စွာ အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဆေးပညာသင်ကြားခြင်းအစီအစဉ်များကိုလည်း Tablet ဖုန်းများမှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ နှလုံးရောဂါဆေးပညာအဖွဲ့အပါအဝင် အစုအဖွဲ့ အားလုံးတို့သည် ဆရာဝန်များ သိသင့်သိထိုက်သော နောက်ဆုံးပေါ် သတင်းအချက်အလက်များကို Tablet ဖုန်းများမှတစ်ဆင့် မျှဝေနိုင် ပါကြောင်း၊

 • မြန်မာနိုင်ငံဆရာဝန်အသင်း၊ နှလုံးရောဂါဆေးပညာအဖွဲ့အနေဖြင့် လွန်ခဲ့သော (၃) (၄)နှစ် အတွင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို စာရင်းပြုစု၍ ၎င်း ပေါ်မူတည်၍ လမ်းပြမြေပုံ ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးရမည့် ကဏ္ဍများကိုလည်း တင်ပြရန် ဖြစ်ပါကြောင်း၊ ထို့ပြင် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် နှလုံးရောဂါအကြောင်း သိကောင်းစရာနှင့် ပြည်သူလူထုအတွက် နှလုံးရောဂါအကြောင်း သိကောင်းစရာစာအုပ်များကို ပြုစု၍ ပုံမှန် အဆက်မပြတ် ခေတ်နှင့်အညီ မွမ်းမံသွားရန် ဖြစ်ကြောင်း၊ နောက်တစ်ချက်မှာ ပြည်သူလူထု၏ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးအခြေ အနေကိုလည်း ပြုစုရန် လိုပါကြောင်း၊

• မိမိတို့အနေဖြင့် “ကာကွယ်ခြင်းဆိုင်ရာ နှလုံးဆေးပညာ”၏ နိုင်ငံအဆင့် ကျွမ်းကျင်မှုပိုင်းကို မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ထိုသို့ မဆောင်ရွက်ပါက ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ် အများစုသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုးကို ကုသသော စရိတ်များသာ ဖြစ်နေမည်ဖြစ်ကြောင်း၊ ဤနေရာတွင် နှလုံးရောဂါ စောစီးစွာ ကာကွယ်ရန် ဆောင်ရွက်ရမည့်အဆင့် (၄)ဆင့်သည် အားလုံးသိရှိသည့် အတိုင်း သွေးပေါင်ချိန်စစ်ဆေးခြင်း၊ သွေးတွင်းအချိုဓါတ်တိုင်း တာခြင်း၊ သွေးတွင်းအဆီဓါတ်စစ်ဆေးခြင်းနှင့် နှလုံးခုန်မမှန်ခြင်းကို စစ်ဆေးခြင်းတို့ ဖြစ်ပါကြောင်း၊ ၎င်းအချက်များကို ပြည်သူလူထုအများ ကျယ်ပြန့်စွာ သိရှိနိုင်ရေး ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊

• နှလုံးသွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုးကို ကာကွယ်လျှော့ချရန်ကိစ္စသည် ကဏ္ဍပေါင်းစုံပါဝင် သော အဖက်ဖက်မှ ထည့်သွင်းစဉ်းစားပြီး ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းကို အသုံးပြုရမည်ဖြစ်ပါကြောင်း၊ အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ကို ဥပမာပေးရလျင် မိမိတို့ နိုင်ငံသို့ နယ်စပ်မှတဆင့် တရားမဝင် ဝင်ရောက်လာသော အစားအသောက်များတွင် ကျန်းမာရေးနှင့်မညီညွတ်သည်များ (ပါဝင်ပစ္စည်းများ ဖော်ပြမထားသော၊ တာရှည်ခံပစ္စည်းများ များစွာပါဝင်သော၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တရားဝင် အသိအမှတ် ပြုမထားသော အစားအသောက်များ) ပါဝင်နေသည့်ကိစ္စတွင် ကြီးကြပ်ဆောင်ရွက်ရန်မှာ အကောက်ခွန်ဦးစီးဌာန၏ အခန်းကဏ္ဍသည် အလွန်အရေးပါပါကြောင်း၊

• ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးရန်ကိစ္စအပြင် နောက်ထပ်အရေးကြီးသည်မှာ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဆောင်ရန်ဖြစ်ကြောင်း၊ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး”ဟူ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိမိတို့ ဝန်ကြီးဌာန ဦးဆောင် ဆောင်ရွက်နေပါကြောင်း၊ ငယ်ရွယ်စဉ် ကလေးဘဝမှပင် ကျန်းမာရေးနှင့်ညီညွတ်သော ဘဝနေထိုင်မှုပုံစံ မြှင့်တင်ရန်အတွက် ကျောင်းကျန်းမာရေး လုပ်ငန်းများကိုလည်း မိမိတို့ ဦးစားပေးဆောင်ရွက်နေ ပါကြောင်း၊

• ဤညီလာခံ၏ ရည်ရွယ်ချက်ခေါင်းစဉ်မှာ “ပြီးပြည့်စုံသော နှလုံးကျန်းမာရေးဆီသို့ ချီတက်စို့” (Marching Towards Comprehensive Heart Health) ဖြစ်ပြီး အလွန်အနှစ်သာရရှိ ကောင်းမွန်သည်ကို တွေ့ရှိရပါကြောင်း၊ ဤရည်ရွယ်ချက်ကို ညီလာခံပြီးသည့်အခါတွင် အလွယ်တကူပျောက်ပျက်မသွားစေဘဲ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊

• မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နှလုံးရောဂါနှင့် လေဖြတ် လေငန်းရောဂါများသည် အဖြစ်များသော်လည်း ကာကွယ်၍ရကြောင်း ပြည်သူလူထုအား အသိပေးထားရမည်ဖြစ်ပါကြောင်း၊ ကာကွယ်ရမည့် နည်းလမ်း အသွယ်သွယ်ကိုလည်း ပြည်သူလူထုထံရောက်ရှိအောင် ဖြန့်ဝေရမည် ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားသူ လျော့နည်းသွားမည်ဆိုပါက ဆေးရုံများတွင် အလုပ်တာဝန်များ နည်းပါးသွားမည်ဖြစ်ပြီး ဆေးရုံ တက်လာကြသည့် အခြားလူနာများကို ပိုမိုဂရုစိုက်၍ အရည်အသွေးပြည့်ဝသော ကုသစောင့်ရှောက်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း၊ ရောဂါမဖြစ်ပွားခြင်းကြောင့် ရရှိမည့်အခြားအကျိုးကျေးဇူးများလည်း အများအပြားရှိပါကြောင်း၊

• ကျန်းမာသော ဘဝနေထိုင်မှုပုံစံများဖြစ်သည့် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားခြင်း၊ ဆေးလိပ်/အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ကိုလည်းပိုမိုမြှင့်တင်ရေး ဝန်ကြီးဌာနမှ ဆက်လက်ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နှီးနွယ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊

• နိဂုံးချုပ်အနေဖြင့် “မြန်မာနိုင်ငံတွင် နှလုံးသွေးကြောဆိုင်ရာရောဂါများသည် ဖြစ်ပွားမှု အများဆုံး၊ ဆေးရုံတက်ရောက်ရမှုအများဆုံး၊ သေဆုံးရခြင်းအကြောင်းအရင်း အများဆုံးဖြစ်သည်” ဆိုသော အချက်ကို ရှင်းလင်းပျောက်ပျက်သွားစေရေးအတွက် မိမိတို့အားလုံး စုပေါင်းကြိုးစားဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာအေးအောင်က အဖွင့်အမှာစကားကိုလည်းကောင်း မြန်မာနိုင်ငံနှလုံးဆေးပညာရှင်များအဖွဲ့ ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် က နှုတ်ခွန်းဆက်စကားကိုလည်းကောင်း၊ ညီလာခံကျင်းပရေးကော်မတီ ဥက္ကဌ ပါမောက္ခ ဒေါက်တာနွယ်နွယ် က ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီးပြောကြား ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာအေးအောင်နှင့် ပါမောက္ခဒေါက်တာဦးအောင်တို့က ညီလာခံအထိမ်းအမှတ်ပြခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ညီလာခံတွင် ခင်းကျင်းပြသထားသည့် နှလုံးဆေးပညာ စာတမ်းများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

အဆိုပါညီလာခံကို ၂၀၁၉ ခုနှစ် မတ်လ(၂)ရက်မှ (၃)ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဘရုနိုင်း၊ ဖိလစ်ပိုင်၊ အီတလီ၊ ယူကေ၊ ကိုရီးယား၊ သြစတြေးလျ၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိုင်ဝမ်နှင့် အိမ်ရှင်မြန်မာနိုင်ငံတို့မှ ဟောပြောဆွေးနွေးသူ(၂၈)ဦးတို့က ဟောပြောဆွေးနွေးမည်ဖြစ်ပြီး၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ တက်ရောက်သူ စုစုပေါင်း (၃၅၀)ဦးတက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်