Workshop on SOP and Guideline for Medical Social Workers (Mandalay)

ဆေးလူမှုဆက်ဆံရေးဝန်ထမ်းလုပ်ငန်းလမ်းညွှန် (မူကြမ်း)အပါ် ကြည့်ရှုသုံးသပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း (Workshop on Review and Revision of SOP and Guideline for Medical Social Workers) ဒုတိယအကြိမ် (၂)ရက်တာအလုပ်ရုံဆွေးနွေးပွဲအား သင်တန်းခန်းမ၊ မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၂၃-၇-၂၀၂၀) ရက်နေ့တွင် စတင်ကျင်းပ ဆောင်ရွက်ခဲ့ရာ ဒေါက်တာစုစုဒွေး၊ ဆေးရုံအုပ်ကြီးမှ အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆေးရုံအုပ်ကြီး မှ ပြောကြားရာတွင် ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအနေဖြင့် လူနာများ၏အရေးကိစ္စအား ဆောင်ရွက်ပေးရာတွင် NGOs, INGOs များနှင့် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိအနေဖြင့် တာဝန်ကျရာ ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်ခဲ့ရာ၌ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ အခြေအနေမဲ့ လူနာ များကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် ရဲစခန်း၊ ထွေအုပ်၊ အခြားလူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဆက်သွယ်ရှာဖွေပေးနေသည်ကို ကြုံတွေ့သိရှိခဲ့ရပါကြောင်း၊ ဆေးလူမှုဆက်ဆံရေး ဝန်ထမ်းများ၏ လုပ်ဆောင်ပေးမှုများကိုလည်း သိရှိပါကြောင်း၊ ဆေးရုံများတွင် လူနာများ၏ စိတ်ကျေနပ်မှုရရှိစေရန် ဆောင်ရွက်ပေးနေကြသော်လည်း အားလုံးစိတ်ကျေနပ်မှုကို စွမ်းဆောင်နိုင် လိမ့်မည်မဟုတ်ပါကြောင်း၊ လူနာများသာမဟုတ်ဘဲ ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုကိုလည်း ဆန်းစစ်ပေးနိုင်ရန် လိုအပ်သည်ကိုလည်း သိရှိရပါကြောင်း၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ အနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များကို သိရှိစေရန် လူမှုကွန်ယက်ပေါ် တင်သင့်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ဝန်ထမ်းအင်အားနှင့်မမျှ တာဝန်ထမ်းဆောင် နေကြရလျက်ရှိပါကြောင်း၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိပါကြောင်း၊ ယုံကြည်အားကိုးပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းလမ်းညွှန်ဆောင်ရွက်ရာတွင် တိကျပြတ်သားစွာရေးဆွဲခြင်းထက် အခြားသောဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များကို ပံ့ပိုးပေး နိုင်ရန် လုပ်ငန်းလမ်းညွှန်ကို ထည့်သွင်းရေးဆွဲရာတွင် တာဝန်များကို Widely ရေးဆွဲစေလို ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဆွေးနွေးပွဲတွင် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ပုံရိပ်ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့ပါကြောင်း၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန် ရေးဆွဲခြင်းကို မိမိအနေဖြင့် အားပေးပါကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဒေါ်နန်းခင်မာလေး၊ ဒုတိယညွှန်ကြားရေးမှူး (ဆေးလူမှု)မှ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဒေါ်ယုဇနကျင် လက်ထောက် ညွှန်ကြားရေးမှူး(ဆေးလူမှု)(အငြိမ်းစား)(အကြံပေးပညာရှင်)မှ မြန်မာနိုင်ငံ ဆေးလူမှုဆက်ဆံရေး လုပ်ငန်းဆိုင်ရာနောက်ခံသမိုင်း၊ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် လုပ်ငန်းလမ်းညွှန် ရည်ရွယ်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ဦးဇေယျာလင်း(အကြံပေးပညာရှင်) မှ ပြန်လည်ပြင်ဆင်ရမည့် လုပ်ငန်း လမ်းညွှန် မာတိကာမိတ်ဆက်ခြင်းနှင့်ဆန်းစစ်တွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အစီအစဉ်အတိုင်း လုပ်ငန်းလမ်းညွှန်ပါ အချက်အလက်များကို ပထမနေ့တွင် လုပ်ငန်းစဉ်(၁)မှ(၅)အထိအား ရှင်းလင်းတင်ပြခြင်း၊ ဆွေးနွေးပြင်ဆင်ခြင်း၊ လိုအပ်ချက်များကို ထပ်မံဖြည့်စွက်ခြင်းဆောင်ရွက်ပြီး ဒုတိယနေ့တွင်စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်သုံးသပ်ခြင်း၊ သုတေသနလုပ်ငန်းနှင့်စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်း၊ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းများ အသုံးပြုသည့်မှတ်တမ်းများ၊ မှတ်တမ်းဖြည့်သွင်းသိမ်းဆည်းခြင်းနှင့် လျှို့ဝှက်စွာထားရှိခြင်း၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက်တာဝန်ဝတ္တရားများ၊ ဆေးလူမှု ဆက်ဆံရေးဝန်ထမ်းများ ရှိရမည့်ကျွမ်းကျင်မှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အကြံပြု ဆွေးနွေးချက်များကို ဖြည့်စွက်ပြင်ဆင်ထည့်သွင်းပြီး (၂၄-၇-၂၀၂၀)ရက်နေ့ ညနေ (၅:၃၀)နာရီတွင် ဆေးလူမှု လုပ်ငန်းလမ်းညွှန်(မူကြမ်း) ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်