Home About us

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရည်မှန်းချက်(၂) ရပ်

(၁) လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေး

(၂) လူတိုင်းရောဂါဘယကင်းရှင်းရေး

ကုသရေးဦးစီးဌာန၏ မူဝါဒ

(၁) မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို အရည်အသွေး ပြည့်မီစွာရရှိစေရေး ဆောင်ရွက်ပေးရန်၊

(၂) ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရည်မှန်းချက် ကို အကောင်ထည်ဖော်ရန် နည်းနာ (၃) ရပ်

(၁) ကျေးလက်ဒေသအောက်ခြေထိ ကျန်းမာရေးအသိပညာပေးခြင်း

(၂) ရောဂါကာကွယ်တားဆီးခြင်း

(၃) ရောဂါဖြစ်ပွားလျှင် ထိရောက်စွာ ကုသမှုပေးခြင်း

ကုသရေးဦးစီးဌာန၏ ရည်မှန်းချက်

(၁) ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေလွှမ်းခြုံမှုတိုးတက်ရေး

(၂) ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးမြင့်မားရေး

(၃) နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့် အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက် ဖြစ်ထွန်းစေရေး

ကုသရေးဦးစီးဌာန (ယခင် ကျန်းမာရေးဦးစီးဌာန၏ နောက်ခံသမိုင်း)

(က) ကိုလိုနီခေတ်(၁၈၈၆ မှ ၁၉၄၈ အထိ)

ကိုလိုနီခေတ် ၁၈၈၆ ခုနှစ်မှစ၍ ဗြိတိသျှတို့သည် သန့်ရှင်းရေးမင်းကြီး ရာထူးကို စတင်ခန့်ထားပြီး ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ သန့်ရှင်းရေးမင်းကြီးသည် ရောဂါကုသရေး၊ ကာကွယ်ရေးလုပ်ငန်းများကို တာဝန်ယူရသည့်အပြင် အကျဉ်းထောင်များကိုပါ ပူးတွဲအုပ်ချုပ်ရပါသည်။ ယင်းအချိန်က ကျန်းမာရေးဌာန၏ လုပ်ငန်းရပ်များမှာ ကုသရေးသာ ဖြစ်ပြီး အတွင်းလူနာနှင့်အပြင်လူနာများကိုသာ ကုသသောဆေးပေးခန်းကလေးများဖြင့် အခြေခံ ခဲ့ပါသည်။ ၁၉၀၈ ခုနှစ်တွင်မူ ကျန်းမာရေးဌာနဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး သန့်ရှင်းရေးမင်းကြီးရာထူးကို ဖျက်သိမ်း၍ (Inspector General of Civil Hospital) (I.G.C.H) နှင် (Director of Public Health) (D.P.D) ရာထူးသစ်(၂)ခုကို ထီထွင်ပြီး ကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို သီးခြားစီတာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ (I.G.C.H)သည် ကုသရေးလုပ်ငန်းများကို တာဝန်ယူရပြီး ခရိုင်အလိုက်ခန့်ထားသော ခရိုင် ဆရာဝန်ကြီးများကို ကွပ်ကဲရပါသည်။ (D.P.D)မှာ ပြည်သူ့ကျန်းမာရေးနှင့် ကာကွယ်ရေး လုပ်ငန်းများကိုတာဝန်ယူဆောင်ရွက်ရပါသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးဌာနကို (I.G.C.H) နှင့် (D.P.D) တို့ပူးတွဲ အုပ်ချုပ်ခဲ့သည် ဆိုသော်လည်း အိန္ဒိယနိုင်ငံရှိအာဏာပိုင်များမှ ချမှတ်ထားသည့်မူဝါဒညွှန်ကြားချက်ဖြင့်သာ အုပ်ချုပ်ခဲ့ရပါသည်။ ၁၉၂၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ ကျန်းမာရေးဌာနအုပ်ချုပ်ရေးလုပ်ငန်းရပ် များကို မြန်မာနိုင်ငံရှိကျန်းမာရေးဌာန အုပ်ချုပ်ရေးတာဝန်ခံလက်သို့ အပြီးပိုင်လွှဲအပ်ပေးခဲ့ ပါသည်။

(ခ) ဖဆပလနှင့် ပထစခေတ် (၁၉၄၈ မှ ၁၉၆၂အထိ)

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်အချိန်တွင် မြန်မာလူမျိုးတို့၏ ကျန်းမာရေး အခြေအနေမှာ များစွာနိမ့်ကျနေကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ မိခင်နှင့်ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေကို မြှင့်တင်ပေးရန်အတွက် ၁၉၄၇ ခုနှစ်တွင် (Director of Infant and Woman Welfare) ဟူသော ရာထူးတစ်နေရာကို တီထွင်ပြီး မိခင်နှင့်ကလေးများ၏ ကျန်းမာရေးလုပ်ငန်းများကို သီးခြားဌာနတစ်ခုဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၂ တွင် ကျောင်းသားသူငယ်ကျန်းမာရေးလုပ်ငန်းများကို သီးခြားဌာနတစ်ခုအနေဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြန်ပါသည်။ ၁၉၅၃ ခုနှစ်မတိုင်မီကာလက တစ်သီးတစ်ခြားရာထူး(၃)ခုဖြင့် သီးခြားဖွဲ့စည်းဆောင်ရွက် ခဲ့သော (Director of Medical and Health Sercives, Director of Infant and Woman Welfare) နှင့် (Director of Children and School Health)တို့ကို စုစည်းလျက် ကျန်းမာရေးဌာနခွဲ ညွှန်ကြားရေးဝန် (Director of Health Sercives) ဟူ၍ အကြီးအကဲ တစ်ဦးကိုခန့်ထားပြီး ယခင်သီးခြားရှိခဲ့သော ညွှန်ကြားရေးဝန်လုပ်ငန်းများကို ဒုတိယညွှန်ကြား ရေးဝန် (ဆေးရုံ၊ ဓါတ်ခွဲ၊ ပြည်သူ့ကျန်းမာ၊ မိခင်/ကျောင်း)ဟူ၍ (၄)ဦး ခန့်ထားပြီး ညွှန်ကြားရေးဝန်ရုံးအဖြစ် ဖွဲ့စည်းခဲ့ပါသည်။

(ဂ) တော်လှန်ရေးကောင်စီနှင့် လမ်းစဉ်ပါတီခေတ်(၁၉၆၂ မှ ၁၉၈၈ အထိ)

၁၉၆၅ ခုနှစ်တွင် တော်လှန်ရေးအစိုးရသည် ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းများကို ကျေးရွာအရောက်ပိုမိုတိုးချဲ့နိုင်စေရန်နှင့် ကျန်းမာရေးဌာနစီမံခန့်ခွဲမှုကို ဗဟိုမှလက်အောက်ခံ အဆင့်အထိဖြန့်ဝေပေးရန်စသော ရည်ရွယ်ချက်များဖြင့် တပ်မတော်စစ်တိုင်းကြီးများ ဖွဲ့စည်း ထားသည့်အတိုင်း ဗဟိုနှင့် ခရိုင်အဆင့်ကြားတွင် ယခင်ကမထားရှိခဲ့သော တိုင်းကျန်းမာရေး ဌာနခွဲအဆင့်ကို စတင်ထားရှိဖွဲ့စည်းခဲ့ပါသည်။ တိုင်းအဆင့်တွင် တိုင်းလက်ထောက် ညွှန်ကြားရေးဝန်တစ်ဦးစီထားရှိပြီး တိုင်းလက်ထောက်ညွှန်ကြားရေးဝန်သည် ကျန်းမာရေး ဌာနခွဲ ညွှန်ကြားရေးဝန်ကို တာဝန်ခံလျက် ၄င်း၏ကိုယ်စား၊ မိမိတိုင်းအလိုက်တာဝန်ယူရပါ သည်။ မိမိတိုင်းအတွင်းရှိ မြို့နယ်များအား ဒုတိယတိုင်းလက်ထောက်ညွှန်ကြားရေးဝန်နှင့် တိုင်းကျန်းမာရေးအရာရှိများ၏အကူအညီဖြင့် စီမံကွပ်ကဲအုပ်ချုပ်ပါသည်။

တပ်မတော်စစ်တိုင်းကြီးများအတိုင်း စတင်ဖွဲ့စည်းခဲ့သော တိုင်းကျန်းမာရေးဌာနခွဲများမှာ-

(က) ရန်ကုန်တိုင်းကျန်းမာရေးဌာနခွဲ
(ခ) အလယ်ပိုင်းတိုင်းကျန်းမာရေးဌာနခွဲ
(ဂ) အနောက်မြောက်တိုင်းကျန်းမာရေးဌာနခွဲ
(ဃ) အနောက်တောင်တိုင်းကျန်းမာရေးဌာနခွဲ
(င) အရှေ့တောင်တိုင်းကျန်းမာရေးဌာနခွဲ
(စ) အရှေ့ပိုင်းတိုင်းကျန်းမာရေးဌာနခွဲ

တော်လှန်ရေးအစိုးရအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှအပ အခြား ဝန်ကြီးဌာနများအောက်ရှိသော ကျန်းမာရေး အဖွဲ့များကို ၁၉၇၀ ခုနှစ်တွင် ဗဟိုကျန်းမာရေးဌာန ခွဲတစ်ခုတည်းအဖြစ် ပူးပေါင်းဆောင်ရွက်စေခဲ့ပါသည်။

၁၉၇၂ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် မြန်မာနိုင်ငံတောင်လှန်ရေးကောင်စီ ကြေငြာချက် အမှတ်(၉၇)ဖြင့် ဝန်ကြီးရုံးများကို ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန ဖွဲ့စည်းပုံ ကိုလည်း စနစ်သစ်နှင့်အညီ ပြန်လည်ဖွဲ့စည်းပြီး ကျန်းမာရေးဌာန၊ ညွှန်ကြားရေး ဝန်ရုံးကို (ကျန်းမာရေးဦးစီးဌာန) ဟု ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ထို့အတူ ယခင်စစ်တိုင်းကြီးများအလိုက် ဖွဲ့စည်းခဲ့သော တိုင်းလက်ထောက်ညွှန်ကြားရေးဝန်ရုံးများကို ပြည်နယ်/တိုင်း (၁၄)ခု စလုံးတွင် ပြည်နယ်/တိုင်းကျန်းမာရေးဦးစီးဌာနများဟူ၍ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ကျန်းမာရေးဦးစီးဌာနအား ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၃၆)၊ သိမ်ဖြူလမ်းတွင် ရုံးစိုက်ခဲ့ပြီး အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ၂၀၀၆ ခုနှစ် တွင် အပြီးပြောင်းရွေ့ခဲ့ပါသည်။ ယခင်ကျန်းမာရေးဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် ကုသရေးဦးစီးဌာနဟု ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးချုပ်များ

၁။ ဒေါက်တာဖေကျင် (၁၉၆၉)
၂။ ဒေါက်တာရွှေတင့် (၁၉၇၉)
၃။ ဒေါက်တာအောင်သိန်း
၄။ ဒေါက်တာကျော်မောင် (၁၉၇၃)
၅။ ဒေါက်တာမောင်မောင်အေး (၁၉၇၇)
၆။ ဒေါက်တာခင်မောင်ငြိမ်း (၁၉၈၃)
၇။ ဒေါက်တာတင်ဦး (၁၉၈၄)
၈။ ဒေါက်တာခင်မောင်ကြီး
၉။ ဒေါက်တာဖေသိန်း (၁၉၈၈)
၁၀။ ဒေါက်တာမောင်ကျော်
၁၁။ ဒေါက်တာကျော်စိန်
၁၂။ ဒေါက်တာသိန်းညွန့်
၁၃။ ဒေါက်တာလှမြင့်
၁၄။ ဒေါက်တာဝမ်းမောင်
၁၅။ ဒေါက်တာတင်ဝင်းမောင် (၃-၆-၂၀၀၅)
၁၆။ ဒေါက်တာမောင်ဝင်း (၂၀၀၈)
၁၇။ ဒေါက်တာဝင်းမြင့် (၂၀၀၈)
၁၈။ ဒေါက်တာထွန်းနိုင်ဦး (၂၀၁၀)
၁၉။ ဒေါက်တာမင်းသန်းညွန့် (၂-၁၁-၁၂)
၂၀။ ဒေါက်တာမြင့်ဟန် (၂၀၁၅)
၂၁။ ဒေါက်တာ သာထွန်းကျော်(၂၀၁၉)
၂၂။ ဒေါက်တာစိုးဉီး

ကုသရေးဦးစီးဌာနလက်အောက်တွင် ဌာနခွဲပေါင်း (၁၅) ခု ပါဝင်ပါသည်။

၁။ အထွေထွေစီမံခန့်ခွဲရေးဌာနခွဲ
၂။ ဝန်ထမ်းရေးရာဌာနခွဲ
၃။ စီမံကိန်းဌာနခွဲ
၄။ ဘဏ္ဍာရေးဌာနခွဲ
၅။ သွားကျန်းမာရေးဌာနခွဲ
၆။ ပုဂ္ဂလိကကျန်းမာရေးဌာနခွဲ
၇။ ကုသမှုအထောက်အကူပြုဌာနခွဲ
၈။ ကုသ/ကာကွယ်/ဆေးခုံဌာနခွဲ
၉။ ဆေးပစ္စည်းဝယ်ယူရေးဌာနခွဲ
၁၀။ ဆေးပစ္စည်းဖြန့်ဖြူးရေးဌာနခွဲ
၁၁။ အမျိုးသားသွေးဌာနခွဲ
၁၂။ အမျိုးသားဓါတ်ခွဲဌာနခွဲ
၁၃။ သူနာပြုဌာနခွဲ
၁၄။ အင်ဂျင်နီယာဌာနခွဲ
၁၅။ စစ်ဆေးရေးဌာနခွဲ

 
 
 
Bitnami